မြန်မာနိုင်ငံအနှံ့အပြားတွင် အကြမ်းဖက်စစ်အစိုးရမှ ဖိအားအမျိုးမျိုးပေး၍ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်စေကာ ကျွန်ပညာရေးစနစ်ကို အသက်သွင်းလျက်ရှိနေစဉ်တွင် မိမိတို့သားသမီး၏ပညာရေးကိုသာ တစ်ကိုယ်ကောင်းဆန်ဆန်ကြည့်၍ ကျောင်းအပ်လိုက်သော မိဘများ ရှိသလို၊ စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးများ၏ ဖိအားပေးမှုကြောင့် CDM ကျောင်းသားဘဝကို စွန့်စေ၍ ကျောင်းပြန်အပ်လိုက်ရသော မိဘများလည်း ရှိနေပါသည်။
စစ်ကောင်စီ၏ ကျွန်ပညာရေးစနစ်ကို ကျောခိုင်း၍ မိမိတို့ သားသမီးများအား ပြည်သူ့အစိုးရမှ သင်ကြားပေးသော ပညာရေးစနစ်ကိုသာ သင်ယူစေလိုသည့် မိဘများအတွက် NUG ပညာရေးဝန်ကြီးဌာနမှ ဦးစီးဖွင့်လှစ်သော နေအိမ်အခြေပြုသင်ကြားရေး Home Based Learning အစီအစဉ်များကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ မှ စတင်ကာ မြို့နယ်အသီးသီးတွင် စတင်ခဲ့ပြီး၊ ယခုအခါ နိုင်ငံအနှံ့ ဖက်ဒရယ်ကျောင်းများလည်း ထပ်မံပေါ်ထွက်လာနေပါသည်။
လှိုင်သာယာမြို့နယ်အတွင်း CDM ပညာရေးဝန်ထန်းများက ဦးဆောင်ကာ ကလေးငယ်များ ပညာရေးအတွက် နေအိမ်အခြေပြုသင်ကြားရေးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့ပြီး ပထမနှင့် ဒုတိယ အသုတ်များတွင် ကျောင်းသားပေါင်း ၇၀၀ ကို အောင်မြင်စွာသင်ကြားပေးနိုင်ခဲ့ကာ၊ ယခု ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်လက်ခံသည့် တတိယအသုတ်အတွက် ကျောင်းသား ၅၀၀ ကျော် လက်ခံထားပြီး ဖြစ်သည်ဟု လှိုင်သာယာပညာရေးဘုတ်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ ပြောကြားချက်အရသိရသည်။
ထိုသို့ CDM ကို ကြံ့ကြံ့ခံ၍ ဖိအားမျိုးစုံကြားမှ ဖက်ဒရယ်ပညာရေးစနစ်ကို အသက်သွင်းပေးနေသော လှိုင်သာယာ ပညာရေးဝန်ထန်းများအတွက် ပြည်သူအချို့မှ ထောက်ပံ့သော အကူအညီ အနည်းငယ်မှလွဲ၍ အခြားသော အကူအညီရရှိနေခြင်း မရှိဟုလည်း သိရသည်။
“အွန်လိုင်းစနစ်နဲ့ နေအိမ်အခြေပြုသင်ကြားရေးကို ဆောင်ရွက်တဲ့ နေရာမှာ ပူးပေါင်းပါဝင်နေတဲ့ ဆရာ၊ ဆရာမ တွေအတွက် အခက်အခဲတွေကတော့ အများကြီးပါပဲ။ အပြင်မှာ အလုပ်ထွက်လုပ် ညဘက်ဖြစ်ဖြစ်၊ ပြန်ရောက်တဲ့ အချိန်ဖြစ်ဖြစ် ကြမှ စာသင်ဖို့ အချိန်ပေးရပေါ့နော် ဆရာ/ဆရာမတွေမှာ ဖုန်းမကောင်းတာနဲ့ လိုင်းမကောင်းတာမျိုးတွေ ရှိသလို၊ အင်တာနက်သုံးစွဲဖို့ကို ပြန်ထောက်ပံ့ပေးဖို့ ရန်ပုံငွေတောင် မလုံလောက်တာမျိုးတွေ ရှိတယ်” ဟု တာဝန်ရှိသူ တစ်ဦးမှ HTY Information သို့ ပြောသည်။
အခြေခံလူတန်းစားပေါများလှသော လှိုင်သာယာမြို့နယ်အတွင်း ဖုန်း/အင်တာနက် အသုံးပြုရန် အခက်အခဲရှိသော ပြည်သူများအတွက်လည်း အဆင်ပြေစေရန် အစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက်ထားသည်ဟု တာဝန်ရှိသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။ ကျောင်းအပ်လိုသူများ အနေဖြင့် Home-Based Learning Hlaing Thayar Township ၏ လူမှုကွန်ယက်စာမျက်နှာတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။
ဇွန်လ ၅ ရက်၊ ၂၀၂၂
#လှိုင်သာယာပညာရေး #HomeBasedLearningHlaingThayar
#FederalSchool
#HTY_Information